Social Icons

Pages

Sunday, February 7, 2016

နွမ်းပါးသော ကလေးသူငယ်များကို ဉာဏ်ရည်ဖွံ့ဖြိုး လာစေရန် Care Teen ပရဟိတအဖွဲ့မှ သင်ကြားပေးသွားမည်



ရန်ကုန် ၊ ၇-၂-၂၀၁၆

ပြည်တွင်းရှိ နွမ်းပါးသော ကလေးသူငယ်များကို အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် Care Teen လူငယ်ပရဟိတ အဖွဲ့က ယခုလစတင်၍ အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့ တို့တွင် သင်တန်းပို့ချ ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် နွမ်းပါးသော ကလေးသူငယ် များကို အကျင့်စာရိတ္တပိုင်း ဆိုင်ရာ တိုးတက်ကောင်းမွန် စေရန် သင်ကြားပို့ချခြင်း အပြင် အင်္ဂလိပ်စာ၊ ပန်းချီနှင့် ဉာဏ်ရည်ဖွံ့ဖြိုး စေမည့် ဘာသာရပ်များ ကိုလည်း တွဲဖက်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း၊ ယခုအခါ ရန်ကုန်မြို့ရှိ တံတားကလေး ဘူတာနှင့် ပုရွက်ဆိတ်ကုန်း ဘူတာအနီး ပတ်ဝန်းကျင်ရှိ ကလေးသူငယ် များကို စတင်သင်ကြားပေး နေပြီဖြစ်ကြောင်း Care Teen လူငယ်ပရဟိတ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ သင်ကြားပေး နေသည့် ကလေးသူငယ် များထဲတွင် ကျောင်းဆက် မတက်နိုင်သော ကလေးငယ်များနှင့် လေလွင့် ကလေးငယ်များ ပါဝင်သကဲ့သို့ အကျင့် စာရိတ္တပိုင်း ဆိုင်ရာ လိုအပ်ချက်ရှိသော ကလေးငယ် များလည်း တက်ရောက် သင်ကြားကြသည့် အတွက် ၄င်းတို့ကို အကျင့်စာရိတ္တပိုင်း ဆိုင်ရာ အဆင့်အတန်း မြင့်မားလာပြီး လမ်းမှန်သို့ ရောက်ရှိလာစေရန် သွန်သင် ဆုံးမရင်း ဉာဏ်ရည် တိုးတက်စေမည့် ဘာသာရပ်များ ကို သင်ကြားပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့တွင်းရှိ တခြားသော ဆင်ခြေဖုံးရပ်ကွက် များ၌လည်း အလားတူ သင်တန်းများ ထပ်မံတိုးချဲ့ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း နှင့် Care Teen လူငယ် ပရဟိတအဖွဲ့တွင် အဖွဲ့ဝင် ၂ဝဝ ခန့်ရှိပြီး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဖွဲ့စည်း ထားကာ လက်ရှိတွင် ကလေးသူငယ်များ ပြုစုပျိုးထောင်ရေး ဆိုင်ရာ ပရဟိတ လုပ်ငန်းများကို အဓိကဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မိုးယံထက်

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...