Social Icons

Pages

Friday, February 5, 2016

အင်္ဂပူတောကြီးတန်း အတွင်း ပျူခေတ်အဆောက်အအုံပျက် များနှင့် အသုံးအဆောင်ပစ္စည်းများ တွေ့ရှိ



အင်္ဂပူ ၊ ၅-၂-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး အင်္ဂပူမြို့နယ် အတွင်းရှိ အင်္ဂပူတောကြီးတန်း အတွင်း လွန်ခဲ့သည့် နှစ်ပေါင်း ၂၅ဝဝ ကျော်က တည်ရှိခဲ့သော ပျူခေတ်ဂဝံ မြို့ဟောင်းကြီးဟု ယူဆရသည့် ပျူခေတ် အဆောက် အအုံပျက် များနှင့် အသုံးအဆောင် ပစ္စည်းများ တွေ့ရှိ ထားကြောင်း သွားရောက် လေ့လာခဲ့သည့် သမိုင်း သုတေသီ များထံမှ သိရသည်။

မြို့ဟောင်းကြီး သည် ပုသိမ်-မုံရွာ ကားလမ်းပေါ်ရှိ တောင်ဇင်း ကျေးရွာ၏ အနောက်ဘက် ၂ မိုင်ကျော်ခန့် ကွာဝေးသော အင်္ဂပူတော ကြီးတန်းအတွင်း တည်ရှိပြီး တွေ့ရှိထားသည့် ဘုရားစေတီ နှင့် အဆောက်အအုံ ပျက် (ယာပုံ) တို့တွင် ဘီစီ၃ရာစု (အသောကခေတ်) နှင့် ဘီစီ ၆ ရာစု (ဗုဒ္ဓခေတ်) အတွင်း သုံးစွဲခဲ့သော ဘရန်မီ အက္ခရာ များနှင့် ပျူအက္ခရာများ ရေးထိုး ပါရှိသည့် လက်ရေးစင်း စပါးခွံ ပျူအုတ်ချပ် များနှင့် ပျူခေတ် ကျောက်ဆစ်နတ်ရုပ် များကိုလည်း တွေ့ရှိထားကြောင်း သမိုင်း သုတေသီများ ထံမှ သိရသည်။

တွေ့ရှိထားသည့် မြို့ဟောင်းကြီး သည် အဝန်းပတ်လည် ရှစ်မိုင် ခန့်ရှိသည်။ ဝဲ၊ ယာ နှစ်ဖက်တွင် ကာကင်းကုန်းနှင့် မျှော်ကင်းကုန်း ဟု ယူဆရသည့် ရှေးဟောင်း ဂဝံကျောက် များဖြင့် တည်ဆောက် ထားသည့် ပေ ၂ဝဝ ကျော်စီ ရှည်လျားသော ကျောက်တန်းကြီး နှစ်ခု တည်ရှိနေပြီး ပျူခေတ်၊ ပုဂံခေတ် အုတ်စီစနစ် (အုတ်ဒေါင်လိုက်စီ) နှင့် ပျူခေတ်စပါးခွံ အုတ်ချပ်များ အသုံးပြုကာ တည်ဆောက် ထားသည့် ရှေးဟောင်း အုတ်လှေကား ရှည်ကြီးများလည်း တွေ့ရှိထားကြောင်း သွားရောက် လေ့လာခဲ့သူ သမိုင်း သုတေသီ ဆရာ ဘုန်းတင့်ကျော် က ပြောပြသည်။

မြို့ဟောင်းကြီး၏ အရှေ့ဘက်တွင် ကမ်းပြိုတောရ ရွှေတောင်ဦး စေတီတည်ရှိပြီး မူလ လက်ရာကို လွန်ခဲ့သော ၂၅ နှစ်ခန့်က ပိန္နဲကွင်း ဆရာတော်ကြီး က ပြန်လည်ပြုပြင် ထားသော်လည်း စေတီတော် အင်္ဂါထောင့်နှင့် စနေထောင့် တို့တွင် ပျူခေတ် မြေထိန်းနံရံများ၊ ဖောင်းရစ်တော် တွင်လည်း ရှေးဟောင်း ပျူအက္ခရာပါ စပါးခွံအုတ်များ တွေ့ရှိရပြီး အနီးတွင် ဂဝံကျောက် သပိတ်ကြီး တစ်ခုလည်း တွေ့ရှိထားကြောင်း သိရသည်။

အနောက်ဘက်တွင် လေသာတောင် ဓမ္မိက ရှေးစေတီ၊ တောင်ဘက်တွင် စောပြရွာ ရှေးစေတီကုန်း နှင့် အုတ်ရေကန်ကြီး၊ မြောက်ဘက်ရှိ နှစ်ကျိပ်ရှစ်ဆူ ဘုရားများ တွင်လည်း ပျူခေတ် အထောက်အထား များစွာ တွေ့ရှိထားကြောင်း ရောက်ရှိ လေ့လာခဲ့သူ သမိုင်းပညာရှင် များက ပြောပြသည်။

မြို့ဟောင်းကြီး တွေ့ရှိထားရာနှင့် အနီးဆုံး နေရာတွင် တည်ရှိနေသော တောင်ဇင်းကျေးရွာ အတွင်း၌လည်း ပျူအက္ခရာများ ရေးထိုးထားသည့် စပါးခွံအုတ် များကို ပျူခေတ်အုတ်စီ စနစ်ဖြစ်သော အပြားလိုက် သုံးလွှာတြိဂံပုံ တစ်ရစ်ဖြင့် တည်ဆောက် ထားသည့် ရှေးဟောင်း ရေတွင်းသုံးတွင်း ရှိနေပြီး ခိုင်ခံ့သော အုတ်ချပ်များ၊ အုတ်စီစနစ်များ ဖြစ်၍ ပြန်လည် တူးဖော်ကာ ရွာသားများက ယနေ့တိုင် အသုံးပြုလျက်ရှိပြီး ရေတွင်းများနှင့် ပတ်ဝန်းကျင်မှ ရှေးခေတ် အသုံးအဆောင် မျိုးစုံ ရရှိသော် လည်း ပျောက်ဆုံးပျက်စီး ကုန်ကြပြီ ဖြစ်ကြောင်း တောင်ဇင်း ကျေးရွာသား များထံမှ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...