Social Icons

Pages

Tuesday, October 6, 2015

ရန်ကုန်တိုင်းဒေသကြီး ၌ အုပ်စုဖွဲ့ရမ်းကားမှု ကျူးလွန်နေသူများအား တိုင်းအဆင့်စီမံချက်ဖြင့် ဖမ်းဆီး အရေးယူမည်


ရန်ကုန် ၊ ၆-၁၀-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အနှံ့တွင် တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ပြီး အုပ်စုဖွဲ့ ရမ်းကား အနိုင့်ကျင့်မှုများ ဆက်တိုက်ဖြစ်ပွား လာသောကြောင့် ကျူးလွန်နေသူ များအား တိုင်းအဆင့် စီမံချက်ဖြင့် ဖမ်းဆီး အရေးယူ နှိမ်နင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။

ယင်းသို့ အုပ်စုဖွဲ့ ရမ်းကား အနိုင်ကျင့်မှု များမှာ ရန်ကုန်မြို့ အစွန် ဆင်ခြေဖုံး ရပ်ကွက်၊ မြို့လယ်ကောင် နှင့် လူစည်ကားရာ နေရာများ၌ ဖြစ်ပွား နေသောကြောင့် ရဲတပ်ဖွဲ့မှ တိုင်းအဆင့် စီမံချက်ဖြင့် မြို့နယ် အနှံ့တွင်
လုံခြုံရေး အဆင့် အထူးတိုးမြှင့် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ ဒဂုံ(ဆိပ်ကမ်း) နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တို့ရှိ ရပ်ကွက်များတွင် လမ်းသွားလာ သူများကို ရိုက်နှက်ကာ လက်ကိုင်ဖုန်း၊ ပိုက်ဆံအိတ် နှင့် လက်ဝတ် ရတနာ ရွှေထည်ပစ္စည်း များကို လုယက်မှုများ ကျူးလွန်နေပြီး လူသတ်၍ ပစ္စည်း လုယက်ခံ ရသည့်အမှုများ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အုပ်စုဖွဲ့ အကြမ်းဖက်မှု များတွင် ဘုရင့်နောင် ပွဲရုံ၌ နေ့ခင်း ကြောင်တောင် အုပ်စုဖွဲ့၍ တုတ်၊ ဓား လက်နက်များဖြင့် အမျိုးသား တစ်ဦးကို မိုက်ကြေးခွဲ ငွေတောင်းမှု၊ ရန်ကုန်မြို့လယ် ပြည်လမ်းဘေးရှိ တော်ဝင်စင်တာ အနီး ငွေလဲကောင်တာ မှ ကျပ် သိန်း ၃ဝဝ ကျော်ကို အုပ်စုဖွဲ့ အကြမ်းဖက် လုယက်မှု၊ အင်းစိန် အောင်ဇေယျ ကြိုးတံတား ပေါ်တွင် သမီးရည်းစား စုံတွဲကို လုယက်၊ အဓမ္မ ပြုကျင့်ခံရမှု၊ လှိုင်သာယာ မြို့နယ်၌ အိမ်ပေါ်တက် အနုကြမ်းစီးမှု နှင့် လမ်းသွားရင်း ရိုက်နှက် အလုခံရမှုတို့ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိတွင် သက်ဆိုင်ရာမြို့နယ် များအလိုက် ရပ်ကင်း၊ လှည့်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက်နေပြီး ညအချိန်များ တွင်လည်း ယာဉ်များကို ရပ်တန့်စစ်ဆေး မှုများ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...