Social Icons

Pages

Friday, May 22, 2015

မူဝါဒအရ မိမိတို့ တပ်မတော်အနေဖြင့် လှေစီး ဒုက္ခသည်များ မရှိစေလို


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန် အား လက်ခံ တွေ့ဆုံစဉ်


နေပြည်တော် ၊ ၂၂-၅-၂၀၁၅

မူဝါဒအရ မိမိတို့ တပ်မတော် အနေဖြင့် လှေစီး ဒုက္ခသည်များ မရှိစေလို ပါကြောင်း၊ မိမိနိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံသား များကို ယင်းသို့ ထွက်ခွာ သွားစေရန် တွန်းအားပေး ဆောင်ရွက်မှုများ မရှိပါကြောင်း ၊ သို့ဖြစ်၍ လှေစီး ဒုက္ခသည်များ ဘယ်က လာသည်ကို ဦးစွာ စဉ်းစားရမှာ ဖြစ်ကြောင်း၊ မြန်မာ့ တပ်မတော် အနေဖြင့်လည်း ကယ်ဆယ်ရေး လုပ်ငန်းများတွင် တတ်နိုင်သမျှ ကူညီ ဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန် အား ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံရာ၌ ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန် နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ် နှင့် တာဝန်ရှိ သူများ တက်ရောက် ကြသည်။

ပထမဦးစွာ ဧည့်သည်တော် ဒုတိယ ဝန်ကြီးမှ အင်ဒိုနီးရှားတွင် ရောက်ရှိနေသည့် လှေစီး ဒုက္ခသည် များတွင် မြန်မာနိုင်ငံမှ အင်အား ၂ဝဝဝ ကျော်ခန့် ပါဝင်သည်ဟု ကြားသိ ရပါကြောင်း၊ ယင်း ဒုက္ခသည် များကို အမြန် ကယ်တင်ပြီး လုံခြုံသည့် နေရာသို့ ပို့ဆောင်လျက် ရှိရာ မြန်မာနိုင်ငံ၊ မြန်မာ့ တပ်မတော် အနေဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ပါဝင်ဆောင်ရွက် ပေးစေလို ပါကြောင်း ပြောကြားခဲ့ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ယင်း သတင်းများ ရရှိပြီး ဖြစ်ပါကြောင်း၊ ဒုက္ခသည် အများစု အနေဖြင့် UNHCR မှ အထောက်အပံ့ ကို ရရှိလိုသဖြင့် မြန်မာနိုင်ငံမှ လာခြင်း ဖြစ်သည်၊ ရိုဟင်ဂျာ များ ဖြစ်သည်ဟု ပြောဆိုမှုများ ရှိနိုင်ပါကြောင်း၊ ၎င်းတို့၏ နေရပ် အမှန်အား သေချာစွာ စစ်ဆေးရန် လိုကြောင်း၊ ယင်းအချက်များ အပေါ်တွင် အခြေခံ၍ နိုင်ငံတစ်ခုအား တစ်ဖက်သတ် မစွပ်စွဲ သင့်ကြောင်း၊ ပြည်ပသတင်း မီဒီယာ အချို့မှလည်း ယင်းလှေစီး ဒုက္ခသည် များမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ လာရောက်ခြင်း ဖြစ်ကြောင်း တွေ့ဆုံမေးမြန်း ခန်းများတွင် ဖော်ပြ နေပါကြောင်း ၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ထွက်ပြေးလာသူ အချို့ ခရီးဆက်လက် သွားရောက်ရန် အခက်အခဲ ရှိသဖြင့် မိမိနိုင်ငံ၊ မောင်တောမြို့ အောက်ဘက်ရှိ မြင်းလွတ်ရွာ သို့ ဝင်ရောက်လာ၍ လိုအပ်သည့် စား၊ ရေ၊ ရိက္ခာများ ဖြည့်ဆည်း ထောက်ပံ့ပြီး ပြန်လည် စေလွှတ် ပေးခဲ့ရကြောင်း၊ တပ်မတော် အနေဖြင့် နိုင် ငံတော် သမ္မတကြီး၏ ညွှန်ကြားမှု နှင့်အညီ ပါဝင်ဆောင်ရွက် သွား မည် ဖြစ်ကြောင်း ပြန် လည် ဆွေးနွေး ပြောကြား ခဲ့သည်။

ဆက်လက်ပြီး အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စရပ် များနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုင်းရင်းသား လက်နက်ကိုင် ကိစ္စရပ် များတွင် တိုင်းရင်းသားများ သာမက ပြည်ပ လှုံ့ဆော်မှု အချို့ ပါဝင်နေကြောင်း၊ နောက်ခံ သမိုင်းကြောင်း ကိုလည်း ထည့်သွင်း စဉ်းစား ရကြောင်း၊ ငြိမ်းချမ်းရေး ရယူရန်မှာ အမှန်တကယ် ဆန္ဒရှိရန် အရေးကြီး ပါကြောင်း၊ ပါတီစုံ လမ်းကြောင်း လျှောက်လှမ်း ရာတွင် လက်နက်ကိုင်ပြီး အာဏာယူရန် မဖြစ်နိုင်ကြောင်း၊ လက်နက်စွန့်ရန် ဝန်လေးနေသည့် အဖွဲ့များ ရှိနေပါကြောင်း၊ ယနေ့ သွားနေသည့် ပါတီစုံ လမ်းကြောင်းတွင် ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်သဖြင့် ၂ဝ၁၁ ခုနှစ်မှစပြီး နိုင်ငံတော် သမ္မတကြီးမှလည်း ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ ပါကြောင်း၊ သမ္မတကြီး ကမ်းလှမ်းခဲ့သည့် ငြိမ်းချမ်းရေးကို မရရအောင် တပ်မတော် အနေဖြင့်လည်း အတတ်နိုင်ဆုံး လိုက်လျော၍ ပါဝင် ဆောင်ရွက် နေကြောင်း၊ တပ်မတော် အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် ရေးထိုးနိုင်ရေး ပြင်ဆင်ထား ပါကြောင်းဖြင့် တပ်မတော်၏ ငြိမ်းချမ်းရေး မူအား အခြေခံ၍ ရှင်းလင်း ပြောကြား ခဲ့သည်။

ယင်းနောက် ရွေးချယ် တင်မြှောက်ပွဲ ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လည်း တပ်မတော် အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ချက်များ အတိုင်း လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ ပွင့်လင်း မြင်သာပြီး လွတ်လပ် မျှတမှုရှိရေး အကောင်းဆုံး ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ လက်ရှိ လျှောက်လှမ်း နေသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းတွင် ခိုင်မာစွာ လျှောက်လှမ်း နိုင်ရေး ပါဝင် ဆောင်ရွက်လျက် ရှိကြောင်း၊ ကာကွယ်ရေး၊ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေး စသည့် စိန်ခေါ်မှုများနှင့် နိုင်ငံသားများ၏ ဒီမိုကရေစီ ရင့်ကျက်မှုများ ပေါ်တွင် မူတည်၍ တပ်မတော်၏ အခန်းကဏ္ဍကို အချိန်ယူ ပြုပြင် မြှင့်တင် သွားမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန် တို့သည် အဖွဲ့ဝင်များ နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...