Social Icons

Pages

Monday, April 27, 2015

အစာအဆိပ်သင့်မှု အန္တရာယ် သုံးဦးသုံးဖလှယ် ဆင်ခြင်ဖွယ်


အစာအဆိပ်သင့်မှု အန္တရာယ် သုံးဦးသုံးဖလှယ် ဆင်ခြင်ဖွယ်

လူသားတိုင်းသည် အသက်ရှည် ကျန်းမာစွာ နေထိုင်နိုင်ရန် အစာ အာဟာရကို နေ့စဉ်မှီဝဲ နေကြ ရသည်။ အာဟာရ ဆိုသည်မှာ သက်ရှိ သတ္တဝါများ အသက်ရှင်သန် နေနိုင်ရန်နှင့် ခန္ဓာကိုယ် ကြီးထွားရန် အတွက် စားသုံး နေရသော အစားအစာတွင် ပါဝင်သည့် ဓာတ်ပစ္စည်း အစိတ်အပိုင်းများ (nourishment) ပင်ဖြစ်သည် ဟု သိပ္ပံဝေါဟာရ တွင် အဓိပ္ပာယ် ဖွင့်ဆို ထားသည်။

သတ္တဝါတို့၏ ဇီဝဖြစ်စဉ် လုပ်ငန်းများ လည်ပတ်နိုင်ရန် အတွက် စွမ်းအင် ဖြည့်ဆည်း ပေးခြင်းနှင့် ဇီဝ ဖြစ်စဉ်များ ကောင်းမွန်စွာ လည်ပတ်နိုင်ရန် အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးပေးခြင်း တို့ကို အာဟာရဓာတ် က ဆောင်ရွက် ပေးသည်။ လူတို့ နေ့စဉ်စားသုံး နေသော အစာများမှာ ကာဗို ဟိုက်ဒရိတ် ခေါ် ကစီဓာတ်၊ ပရိုတိန်း ခေါ်သော အသားဓာတ်နှင့် အဆီဓာတ် တို့သည် အဓိက စားသုံးရသော အစာများ ဖြစ်သည့်အပြင် ရေ၊ ဗီတာမင် နှင့် သတ္တုဓာတ်ဆား များသည်လည်း အသင့်အတင့် စားသုံးရသော အစာများ ဖြစ်သည်။

ကစီဓာတ်သည် နေ့စဉ်လှုပ်ရှား သွားလာမှုများ အပါအဝင် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်များ အတွက် အင်အားကို ဖြစ်စေသည်။ အသားဓာတ်သည် ခန္ဓာကိုယ် ကြီးထွားခြင်း၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ တည်ဆောက်ခြင်း နှင့် ပြန်လည် ပြုပြင်ခြင်း တို့အတွက် လိုအပ်သည်။ ဇီဝဖြစ်စဉ် များတွင် လိုအပ်သော အင်ဇိုင်းများ အတွက်လည်း အသားဓာတ် လိုအပ်သည်။ အဆီဓာတ်သည် ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်သော အာဟာရ ဖြစ်သည့် အပြင် ဆဲလ်နံရံများ တည်ဆောက်ခြင်း၊ ဟော်မုန်းများ ထုတ်ပေးခြင်းနှင့် အင်အား ဖြစ်စေခြင်း တို့အတွက် လိုအပ်သည်။ အဆီဓာတ်ကို အပင်မှရရှိသော အဆီဓာတ်နှင့် တိရစ္ဆာ န်မှ ရရှိသော အဆီဓာတ် ဟူ၍ ခွဲခြား ထားသည်။

ကစီဓာတ်ကို ဆန်၊ ပေါင်မုန့်၊ အာလူး၊ သကြား၊ ပျားရည်၊ ယိုအမျိုးမျိုး တို့မှ ရရှိသည်။ အသားဓာတ်ကို အသားအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နွားနို့၊ ဒိန်ခဲနှင့် ဟင်းသီးဟင်းရွက် တို့မှရသည်။ ပရိုတိန်းကို အမိုင်နိုအက်စစ် များဖြင့် ဖွဲ့စည်း ထားသည်။ အမိုင်နိုအက်စစ် တွင် အုပ်စုနှစ်စု ရှိရာ ပထမအုပ်စုမှာ ခန္ဓာကိုယ်တွင် မိမိဘာသာ ထုတ်လုပ်နိုင်သည့် အမိုင်နိုအက်စစ် နှင့် ဒုတိယအုပ်စုမှာ ခန္ဓာကိုယ်တွင် မထုတ်လုပ် နိုင်သဖြင့် လူတို့ စားသောက်သော အစားအစာမှ ရယူရသော အမိုင်နိုအက်စစ် ဖြစ်သည်။

သတ္တဝါ မှန်သမျှ အသက်ရှင် နေနိုင်ရေး အတွက် အစာ အာဟာရကို မှီဝဲစားသုံး ကြရသည်။ အစာ အာဟာရကို စားသုံးပြီးသော အခါ အစာ ချေချက်သော အစိတ်အပိုင်းက ချေချက်ပြီး သွေးကြောများ အတွင်း စုပ်ယူကာ တစ်ကိုယ်လုံးသို့ ပို့ဆောင် ပေးသည်။ ထိုအခါ ဇီဝဖြစ်စဉ်များ အတွက် အာဟာရ မဖြစ်ဘဲ အဆိပ်အတောက် ဖြစ်စေသော ဓာတ်ပစ္စည်းများ ပါလာလျှင် လူကို အန္တရာယ် ဖြစ်တော့သည်။

ထို့ကြောင့် အစာ အဆိပ်သင့် ခြင်းကြောင့် လူအများ အန္တရာယ် မဖြစ်စေခြင်းငှာ စားသုံးကုန် ထုတ်လုပ်သော လုပ်ငန်းရှင်များ၊ သီးနှံစိုက်ပျိုး ထုတ်လုပ်သူများ၊ တစ်ဆင့်ခံ ရောင်းချသူများ အနေဖြင့် အထူး သတိထား လုပ်ကိုင်ကြ ရမည် ဖြစ်သကဲ့သို့ စားသောက်ကုန် နှင့် သီးနှံများကို ဝယ်ယူစားသုံး သူတို့ကလည်း အန္တရာယ် ကင်းစွာ စားသုံးနိုင်ရေး သတိရှိကြရန် အထူး လိုအပ်ကြောင်း မြဝတီက နှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...