Social Icons

Pages

Sunday, March 29, 2015

လူ၏မျက်လုံးထဲသို့ ညမြင်ကွင်းကြည့် ဆေးထည့်သွင်း စမ်းသပ်


Chlorin e6 (Ce6) Night Vision Eye Drops for Future Warfare Night Ops?

ဝါရှင်တန် ၊ ၂၉-၃-၂၀၁၅

အမေရိကန် နိုင်ငံရှိ ဓာတုဇီဝ စူးစမ်းလေ့လာ သည့် အသင်း တစ်သင်းမှာ လူတို့၏ မျက်လုံးထဲ၌ ညမြင်ကွင်းဆေး ထည့်သွင်းခြင်းကို စမ်းသပ်ခဲ့ရာ စမ်းသပ်ခံ သူမှာ မီတာ ၅ဝ အကွာအဝေးရှိ ပစ္စည်းများကို တိကျစွာ ဖော်ပြနိုင် ခဲ့ကြောင်း သိရသည်။

ပညာရှင်များ က စမ်းသပ်ခံ၏ မျက်လုံးထဲသို့ ထည့်သွင်း ခဲ့သည့် ဓာတုပစ္စည်းမှာ Ce6 ဟုခေါ်သည့် Chlorin e6 ဖြစ်ပြီး ၄င်းမှာ ရေနေ သတ္တဝါများမှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ Chlorin e6 မှာ ညအခါတွင် ကောင်းစွာ မမြင်နိုင်သူ များကို ကုသရာ၌ အသုံးပြုရာတွင် စမ်းသပ် အောင်မြင်ခဲ့ရာ Science for the Masses သုတေသီ အသင်းတစ်သင်း က Chlorin e6 ကို အသုံးပြု၍ လူတို့ကို ညအခါတွင် ပို၍ ကောင်းမွန်စွာ တွေ့မြင်နိုင် စေမည့် နည်းလမ်းများကို လေ့လာခဲ့ ကြသည်။

မျက်စိ ဆေးပညာတွင် Ce6 နှင့်အတူ အင်ဆူလင်၊ ဆလိုင်း တို့ကို ရောစပ်၍ မျက်လုံးထဲ ထည့်ပေးပါက မျက်လုံး၏ ရတီနာက ၄င်းကိုစုပ်ယူကာ အလင်းရောင်း နည်းသည့်နေရာ များတွင် ကောင်းစွာ တွေ့မြင် စေနိုင်သည်ဟု ဖော်ပြသည်။ အင်ဆူလင် နေရာတွင် ဓာတုပစ္စည်း တစ်မျိုး ဖြစ်သော ဒိုင်မီသိုင် ဆာလ်ဖောက်ဆိုဒ် (DMSO) ကိုလည်း အသုံးပြု၍ ရကြောင်း ဖော်ပြရာ Science for the Masses အသင်းက အင်ဆူလင်နှင့် DMSO ဓာတုပစ္စည်း နှစ်မျိုးလုံးကိုပါ အသုံးပြု ခဲ့ကြသည်။

သုတေသီ Gabriel Licina မှာ အဆိုပါ ညမြင်ကွင်း ဆေးကို စမ်းသပ်ခံခဲ့ရာ ပထမအဆင့် တွင် မျက်လုံးကို ဆလိုင်းဖြင့် ဆေးကြောပြီး Ce6 ပျော်ရည် အနည်းငယ်ကို သုံးကြိမ်ခန့် ထည့်ခဲ့သည်။

ဆေးထည့်သည့် အဆင့်ပြီးသော် အလင်း ဝင်ရောက်မှု လုံးဝ မရှိစေရန် အမည်းရောင် မျက်ကပ်မှန်များ အပြင် အမည်းရောင် နေကာမျက်မှန် များကို ထပ်မံ တပ်ဆင်ပေးကာ မည်းမှောင်သည့် အခန်း တစ်ခုထဲတွင် အမြင်အာရုံကို စမ်းသပ်ခဲ့သည်။ တစ်နာရီ ကြာသော် စမ်းသပ်ခံ Licina မှာ လက်တစ်ဖက်မျှ ကြီးသော အရွယ်ရှိ အရာဝတ္ထု များ၏ ပုံပန်း သဏ္ဌာန်ကို ၁ဝ မီတာအကွာမှ ပြောပြနိုင်ခဲ့ပြီး မိနစ် အနည်းငယ် ကြာသော် ၂ဝ မီတာ အကွာမှ တွေ့မြင် လာနိုင်ခဲ့ရာ ထိုအခါတွင် စာနှင့်နံပါတ်များ ကိုပါ ဖတ်နိုင်ခဲ့သည်။ မည်းမှောင်သော သစ်တော ထဲတွင်လည်း ထပ်မံ စမ်းသပ်ခဲ့ရာ မီတာ ၅ဝ အကွာတွင် တည်ရှိနေသော လူများကို လေဆာဖြင့် ထိုးပြခိုင်း ရာတွင်လည်း Lucina မှာ မှန်ကန်စွာ ပြသနိုင်ခဲ့သည်။

စက်ပစ္စည်း မပါဘဲ ရရှိနိုင်မည့် ညမြင်ကွင်း ဆေးကို စမ်းသပ်ခဲ့သည့် အသင်းမှာ ၄င်းတို့၏ စမ်းသပ်ချက် အတွက် ပါဝင် ပစ္စည်းများမှာ ဈေးကြီးသည့် ပစ္စည်းများ မဟုတ်သဖြင့် ညမြင်ကွင်း ဆေးကို ဈေးနှုန်း ချိုသာစွာဖြင့် ရရှိနိုင်မည် ဖြစ်ကြောင်း ပြောပြခဲ့သည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...