Social Icons

Pages

Monday, February 23, 2015

ကိုးကန့်သောင်းကျန်းသူအဖွဲ့ ယာယီခြေကုပ် ယူထားသော ၁၈ မိုင်လမ်းဆုံအနီး တောင်ကုန်းများအား ရှင်းလင်းသိမ်းပိုက်



နေပြည်တော် ၊ ၂၃-၂-၂၀၁၅

ကိုးကန့်သောင်းကျန်းသူ အဖွဲ့များ အနေဖြင့် လောက်ကိုင်- ကုန်းကြမ်း ကားလမ်းပေါ်ရှိ ၁၈ မိုင် လမ်းဆုံအနီး တောင်ကုန်း များအား ယာယီခြေကုပ် ယူ၍ ဆက်သွယ်ရေး လမ်းကြောင်းအား ထိန်းချုပ် ဖြတ်တောက် ထားခဲ့ရာ တပ်မတော် စစ်ကြောင်းများက လေကြောင်းပစ်ကူ ရယူ၍ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းမှ စတင် တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ မွန်းလွဲပိုင်း အထိ ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ကာ လမ်းကြောင်းအား စိုးမိုး ထားသည့် စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများအား သိမ်းယူ နိုင်ခဲ့သည်။

ယခုအခါ လောက်ကိုင်- တာရွှေထန်- ၁၈ မိုင် - ညံခွမ်း လမ်းကြောင်းအား တပ်မတော် စစ်ကြောင်းများက ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး လမ်းပန်း ဆက်သွယ်မှုများ ပုံမှန် ပြန်လည် ဆောင်ရွက်နိုင်သော အခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီ ၂၁ ရက်တွင် နယ်မြေ ရှင်းလင်းလျက် ရှိသော တပ်မတော် စစ်ကြောင်းများနှင့် ကိုးကန့် သောင်းကျန်းသူ အဖွဲ့များသည် လောက်ကိုင်မြို့ အနီးတစ်ဝိုက် ၌ တစ်ကြိမ်၊ လော်ကွာကျိုင်း အနီးတစ်ဝိုက် ၌ တစ်ကြိမ်၊ လုံထန်ရွာ အနီး၌ တစ်ကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီ ၂၁ ရက်မှ ယမန်နေ့ မွန်းလွဲပိုင်းထိ ထိတွေ့တိုက်ပွဲ စုစုပေါင်း ငါးကြိမ် ဖြစ်ပွားခဲ့ပြီး အထက်ပါ ဖြစ်စဉ်များတွင် ကိုးကန့် သောင်းကျန်းသူ အဖွဲ့ထံမှ အလောင်း သုံးလောင်း၊ လက်နက်ငယ် မျိုးစုံ ခုနစ်လက်၊
ခဲယမ်းဆက်စပ် ပစ္စည်းများနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား အမှုန့် ၂ ဒသမ ၅ ကီလိုဂရမ် ခန့်၊ အိုက်စ် ၂ ဒသမ ၅ ကီလိုဂရမ် ခန့် တို့အား သိမ်းဆည်း ရရှိခဲ့ပြီး တပ်မတော် မှ စစ်သည်လေးဦး အသက်ပေးလှူ ခဲ့၍ အရာရှိ/ စစ်သည် ၂၁ ဦး ဒဏ်ရာရရှိ ခဲ့သည်။ ဒဏ်ရာရရှိသော အရာရှိ / စစ်သည် များအား တပ်မတော် ဆေးရုံများသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိသည်။

ထို့အပြင် ဖေဖော်ဝါရီ ၂၁ ရက် ညနေ ပိုင်းတွင် လောက်ကိုင်မှ ကွမ်းလုံသို့ ထွက်ခွာ လာသော သတင်းထောက် များနှင့် တိုက်ပွဲရှောင် ပြည်သူများ တင်ဆောင် လာသည့် ကြက်ခြေနီ အလံလွှင့်ထူ ထားသော ယာဉ်အား ပါစင်ကျော်နှင့် ချင်းရွှေဟော် ကြားတွင် ကိုးကန့် သောင်းကျန်းသူ အဖွဲ့များက လက်နက်ကြီး လက်နက်ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော် စစ်ကြောင်းက သွားရောက် တိုက်ခိုက် ရှင်းလင်း၍ ဒဏ်ရာ ရရှိသူများအား ကယ်ထုတ်ကာ ဒဏ်ရာရရှိ သော သတင်းထောက် တစ်ဦးနှင့် ပြည်သူ သုံးဦးအား ကွမ်းလုံ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူစေလျက် ရှိကြောင်းနှင့် ဆုတ်ခွာ သွားသော ကိုးကန့် သောင်းကျန်းသူများ နောက်သို့ တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...