Social Icons

Pages

Friday, November 28, 2014

ဆောင်းခိုငှက် လာရောက်ကြည့်ရှုသည့် ပြည်ပခရီးသွားများ ယခင်နှစ်ထက် များလာ


ဆောင်းခိုငှက်ကြည့်ရှုနေသော နိုင်ငံခြားခရီးသွား ဧည့်သည်များ

ရန်ကုန် ၊ ၂၈-၁၁-၂၀၁၄

ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု ရှိ သဘာဝ ငါးမွေးကန်နှင့် ရန်ကုန် တောင်ပိုင်းခရိုင် ခရမ်းမြို့ နှင့် သုံးခွမြို့ရှိ သဘာဝ ငါးမွေးကန်များ အတွင်းသို့ ယခု လဆန်းပိုင်းမှ စ၍ ဆောင်းခိုငှက်များ စုံစုံညီညီ ရောက်ရှိလာပြီ ဖြစ်သည့် အပြင် ဆောင်းခိုငှက် များကို ကြည့်ရှုရန် အခြေခံ အဆောက်အအုံ များနှင့် လှည့်လည် ကြည့်ရှုနိုင်မည့် စက်တပ်သမ္ဗန် များလည်း စီစဉ်ပြီး ဖြစ်ကြောင်း ငါးကန်ပိုင်ရှင် များထံမှ သိရသည်။

ငါးမွေးကန်များ အတွင်း အခြေခံ အဆောက်အအုံ များကို ဆောက်လုပ်ပြီးစီး သွားပြီဖြစ်၍ ပြည်တွင်းရှိ ငှက်ဝါသနာရှင် အချို့ လာရောက် ကြည့်ရှုမှုများ ရှိသကဲ့သို့ အမေရိကန် နိုင်ငံသား အများစုနှင့် နော်ဝေ နိုင်ငံသား အများစု တို့မှလည်း လာရောက် လေ့လာလျက် ရှိကြောင်း မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စုရှိ အော်ဂဲနစ် ငါးမွေးကန် ပိုင်ရှင် ဒေါက်တာ မြင့်စိန် က ပြောသည်။

ထို့အပြင် ခရမ်းမြို့ နှင့် သုံးခွမြို့ရှိ ငါးမွေးကန် များ၌လည်း ဒီရေတောများ၊ လမုတော များနှင့် နီးကပ်သည့် အပြင် ပင်လယ်ဝ နှင့်လည်း နီးကပ်ခြင်းကြောင့် ဆောင်းခိုငှက်များ ရောက်ရှိလာခြင်း ဖြစ်သည်။ ယခုအခါ ဆောင်းခိုငှက် များကို လှည့်လည် ကြည့်ရှု နိုင်ရန်နှင့် နားနေရန် နေရာများ စီစဉ်ပြီး ဖြစ်၍ နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက်ကြည့်ရှု နေကြောင်း ငါးကန်ပိုင်ရှင် ဦးသောင်းအေး က ပြောသည်။

''ခရမ်းနဲ့ သုံးခွဘက် က ငါးမွေးကန် တွေကို ဆောင်းခိုငှက်တွေ လာတာ ငါးနှစ်လောက် ရှိပြီ။ ဒါပေမဲ့ သတိမထားမိ ခဲ့ဘူး။ တစ်နှစ်ကမှ သတိထားမိတာ။ အဲဒါနဲ့ ဒီနှစ် ဆောင်းခိုငှက် တွေကို ကြည့်ရှု နိုင်အောင် စီစဉ်ပေးတာပါ။ သမ္ဗန်စီစဉ် ပေးထားတယ်။ ဒါ့အပြင် လာရောက် ကြည့်ရှုတဲ့ သူတွေ နားနေလို့ ရအောင် အရိပ်ရနေရာ လေးတွေမှာ နေရာ ထိုင်ခင်းတွေ စီစဉ် ပေးထားပါတယ်။ ဒီနှစ် ဆောင်းခိုငှက် လာကြည့်တဲ့ သူတွေကို အခကြေးငွေ မယူပါဘူး။ အခြေခံ အဆောက်အအုံတွေ အားလုံး ဆောက်ပြီး ရင်တော့ လာကြည့်တဲ့ သူတွေဆီက အခကြေးငွေ ယူသွားမှာပါ '' ဟု ၄င်းက ဆက်လက် ပြောသည်။

မအူပင်၊ ခရမ်းနှင့် သုံးခွဒေသ များသည် သဘာဝ ပတ်ဝန်းကျင် အနေအထား ကောင်းမွန်ပြီး သဘာဝအတိုင်း မွေးမြူထားသည့် ငါးမွေးကန်များသို့ နိုဝင်ဘာ လဆန်းမှစ၍ ဆောင်းခိုငှက်များ တဖွဲဖွဲ ဝင်ရောက် နေပြီး ဒီဇင်ဘာ လဆန်း ရောက်ပါက ဆောင်းခိုငှက်များ အားလုံး စုံညီသွားပြီ ဖြစ်သည့်အပြင် ဇန်နဝါရီလ အတွင်း အဆိုပါ ငါးမွေးကန် များမှ ဆောင်းခိုငှက်များ ပြန်လည် ထွက်ခွာ သွားလေ့ ရှိကြောင်း သိရသည်။

ထက်နေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...