Social Icons

Pages

Monday, November 24, 2014

အာရောဂျ ပရမာလာဘ


အာရောဂျ ပရမာလာဘ

ကိစ္စမြားမြောင် လူတို့ဘောင် ဆိုသော ဆိုရိုးစကား အတိုင်း လူတိုင်း လူတိုင်းသည် နေ့စဉ်နှင့် အမျှ ရုန်းကန်လှုပ်ရှား နေကြရခြင်း ကြောင့် စိတ်ချမ်းချမ်း သာသာ အေးအေးချမ်းချမ်း နေရသည့် အချိန်ကား နည်းပါးလှသည်။ လူတိုင်းသည် ယေဘုယျ အားဖြင့် လုပ်ငန်းစီးပွား အဆင်ပြေ ညီညွတ်လျှင် သော် လည်းကောင်း၊ အခြားသော အကြောင်း တစ်ခုခုကြောင့် သော် လည်းကောင်း စိတ်ချမ်းသာခြင်း ကို ရတတ်သည်။ သို့သော် မည်မျှ အဆင်ပြေ ညီညွတ်စေကာမူ အခြေခံအားဖြင့် ကိုယ် ကျန်းမာမှု မရှိလျှင် စိတ်ချမ်းသာမှု မဖြစ်နိုင်ပေ။ မည်မျှ စည်းစိမ်ဥစ္စာ ပြည့်စုံစေကာမူ ကိုယ် ကျန်းမာမှု မရှိလျှင် အချည်းနှီးသာ ဖြစ်သည်။ 

လူအများစုသည် စီးပွားဥစ္စာ နောက်သို့ လည်းကောင်း၊ ရာထူး ဂုဏ်ဒြပ်များ နောက်သို့ လည်းကောင်း၊ အပျော်အပါးများ နောက်သို့ လည်းကောင်း တစ်ကောက်ကောက် လိုက်နေကြ သောကြောင့် မိမိတို့၏ ကျန်းမာရေးကို သတိမေ နေတတ်ကြသည်။ ကျန်းမာခြင်း၏ တန်ဖိုးကို မကျန်းမာသော အခါမှ သိတတ် ကြသည်။ ကျန်းမာရေး ကောင်းနေစဉ် ကျန်းမာရေး၏ တန်ဖိုးကို သိ၍ ထိန်းသိမ်း စောင့်ရှောက်ရန် လိုသည်။

ကျန်းမာရေး ဆိုသည်မှာလည်း အမြဲ ကောင်းမနေ တတ်ပါ။ သင်္ခါရ သဘောအရ ဖောက်ပြန် ပျက်စီးတတ်သည့် သဘောရှိ၍ ပြုပြင် ထိန်းသိမ်းမှု၊ ဖြည့်ဆည်းမှု တို့ကို အမြဲမပြတ် ဆောင်ရွက်ပေး နိုင်ပါမှ ပုံမှန်လည်ပတ် နိုင်သည်။ နေ့စဉ်နှင့် အမျှ ခန္ဓာကိုယ် အတွက် လိုအပ်သော အစာ အာဟာရ တို့ကို မျှတ မှန်ကန်စွာ စားသုံးပေးခြင်း သည် ဖြည့်ဆည်းမှု တစ်ခုဖြစ်သည်။ မိမိ နှစ်သက်ရာ လေ့ကျင့်ခန်း တစ်ခုခု လုပ်ခြင်းသည် ပြုပြင်မှု ဖြစ်သည်။ အသွားအလာ၊ အနေအထိုင်၊ အစားအသောက်ကို အသိတရားဖြင့် ဆင်ခြင်သုံးသပ် လုပ်ကိုင်ခြင်းသည် ထိန်းသိမ်းမှု ဖြစ်သည်။

ကျန်းမာခြင်း၏ တန်ဖိုးသည် အဖိုးများစွာ ထိုက်တန်သည်။ တန်ဖိုးဖြတ် ၍မရ။ ထို့ကြောင့် ဘုရားရှင်ကပင် အာရောဂျ ပရမာလာဘ ဟု ဟောကြားခဲ့ခြင်း ဖြစ်သည်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဖြစ်၍ ထိုလာဘ်ကို ရယူပိုင်ဆိုင် နိုင်ရန်ကြိုးစား ကြရမည် ဖြစ်သည်။

ကျန်းမာခြင်းသည် လူမှုရေး၊ စီးပွားရေး၊ ပညာရေး တို့ကို ဖော်ဆောင်ရာ၌ အရေးပါ သကဲ့သို့ ဘဝသံသရာ အတွက်ပါ အရေးကြီးသည့် ကဏ္ဍမှ ပါဝင်သည်။ ကိုယ်ကျန်းမာ နေချိန်တွင် တရား အားထုတ်ပါမှ တရားကို လျင်လျင်မြန်မြန် ရနိုင်သည်။ မျက်စိမှုန်၊ နားထိုင်း၊ ခါးကိုင်း ၍ ရောဂါ ဖြစ်နေချိန် တို့တွင် တရားရရန် ခဲယဉ်းကြောင်း ကိုလည်း အတိအလင်း ဘုရားဟော ဒေသနာများ ၌  တွေ့နိုင်သည်။

သို့ဖြစ်ရာ လူတိုင်း ကိုယ်ကျန်းမာမှ စိတ်ချမ်းသာကာ လိုရာကိစ္စ အဝဝတို့ ပြည့်စုံနိုင်မည် ဖြစ်ရာ ကျန်းမာရေးသည် ဝယ်ယူ၍ ရသော ပစ္စည်းမဟုတ် ကိုယ်တိုင် လေ့ကျင့်ယူ ရသည့် အရာဖြစ် သောကြောင့် အသွားအလာ၊ အနေအထိုင်၊ အစားအသောက် တို့ကို အသိတရားဖြင့် ဆင်ခြင်၍ မိမိတို့ ကျန်းမာရေးကို မိမိတို့ ကိုယ်တိုင်ပြုပြင် ထိန်းသိမ်းဖြည့်ဆည်း သွားကြရမည် ဖြစ်ပါကြောင်း အသိပေး ရေးသားလိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...