Social Icons

Pages

Friday, October 24, 2014

ယာယီ ရပ်နားထားသော မြဝတီ - ကော့ကရိတ် ဒုတိယလမ်းသစ်အား သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရန် လမ်းအတွင်းပိုင်းကို ပြန်လည် ဖောက်လုပ်လျက်ရှိ


မြ၀တီ - ကော့ကရိတ် လမ်းသစ် ဖောက်လုပ်မှုလုပ်ငန်းခွင်

မြ၀တီ ၊ ၂၄-၁၀-၂၀၁၄

စက်တင်ဘာ ၂၈ ရက်တွင် ယာယီရပ်နား ခဲ့သည့် ကရင်ပြည်နယ် မြဝတီ - ကော့ကရိတ် ဒုတိယ လမ်းသစ်အား သတ်မှတ်ကာလ အတွင်း ပြီးစီးနိုင်ရန် လမ်းအတွင်းပိုင်း ကို ယမန်နေ့မှ စ၍ ပြန်လည် ဖောက်လုပ်လျက်
ရှိကြောင်း သိရသည်။

အဆိုပါ မြဝတီ - ကော့ကရိတ် ဒုတိယမြောက် ဒေါနတောင်ကျော် ကုန်သွယ် လမ်းပိုင်းသည် KNU ထိန်းချုပ်နယ်မြေ အတွင်း၌ ပါဝင်ပြီး DKBA တပ်ဖွဲ့ဝင် များလည်း သွားလာနေသည့် လမ်းဖြစ်၍ တပ်မတော်နှင့် KNU တာဝန်ရှိ သူများက လမ်းအလုပ်သမား များ အန္တရာယ် တစ်စုံတစ်ရာ မကျရောက် စေရန် ယာယီရပ်နား ထားခဲ့ခြင်း ဖြစ်သည်။

ဗီယက်နမ် - ထိုင်း - မြန်မာ - အိန္ဒိယ စသည့် နိုင်ငံများကို ဆက်စပ်မည့် အရှေ့အနောက် စီးပွားရေး စင်္ကြံ လမ်းမကြီး၏ လမ်းပိုင်းဖြစ်သော မြဝတီ (ချစ်ကြည်ရေး တံတားထိပ်မှ) - ကော့ကရိတ် လှိုင်ဝရွာထိ ၄၅ ကီလိုမီတာ ရှည်လျားသည့် မြဝတီ - ကော့ကရိတ် ဒုတိယမြောက် ဒေါနတောင်ကျော် ကုန်သွယ် လမ်းပိုင်း ဖောက်လုပ် နေမှုမှာ ၈ဝ ရာခိုင်နှုန်းခန့် ပြီးစီး နေပြီဖြစ်၍ ၂ဝ၁၅ ခုနှစ် ဇူလိုင်လတွင် လမ်းပိုင်း တစ်ခုလုံး ပြီးစီးမည် ဖြစ်ကြောင်း မြဝတီ - ကော့ကရိတ် လမ်းပိုင်းဆိုင်ရာ စီမံကိန်း အင်ဂျင်နီယာရုံး မှ သိရသည်။

အဆိုပါ လမ်းဖောက်လုပ်မှု တွင် အဓိက ဖြစ်သည့် ဒေါနတောင်တန်း ရှိ ကျောက်တောင် ကျောက်သား များကို ဖြိုချကာ လမ်းအူကြောင်း ဖောက်လုပ်စဉ် တွင် အခက်အခဲများ ရှိခဲ့ပြီး လမ်းနှင့် မလွတ်သည့် တောင်ယာ၊ သစ်တော စိုက်ခင်းများ အတွက် ဒေသခံများ နှင့် တွေ့ဆုံကာ သင့်လျော်သည့် လျော်ကြေးငွေ ပေးလျော် ခဲ့ကြောင်း သိရသည်။ 

ယင်း မြဝတီ - ကော့ကရိတ် လမ်းသစ် (ပုံ) ကို ထိုင်းနိုင်ငံ See Same Co., Ltd. မှ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ဘတ်သန်း ၁၁၄ဝ ကုန်ကျခံ ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ အာဆီယံ ဒေသတွင်း ကုန်သွယ်မှု မြင့်တက်လာခြင်း နှင့်အတူ ဒုတိယမြောက် သောင်ရင်းမြစ် ဖြတ်ကျော် လေးလမ်းသွား ချစ်ကြည်ရေး တံတားကြီး တစ်ခုကိုလည်း ၂ဝ၁၅ ခုနှစ်တွင် တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...