Social Icons

Pages

Friday, October 31, 2014

သမိုင်းဝင် အင်ကြင်းတောင် ရှိ ရှေးဟောင်း ကျောက်ဆစ်လက်ရာများကို ထိန်းသိမ်းစောင့်ရှောက် ပေးရန်လိုအပ်



ယင်းမာပင် ၊ ၃၁-၁၀-၂၀၁၄

သမိုင်းဝင် အင်ကြင်းတောင်ရှိ ရှေးဟောင်း ကျောက်ဆစ်လက်ရာ (ပုံ) သာသနိက ပစ္စည်းများသည် အမျိုးသားရေး ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်သည့်အတွက် ပျက်စီးယိုယွင်းခြင်း မရှိစေရန် ထိန်းသိမ်း စောင့်ရှောက် ပေးစေလိုကြောင်း သမိုင်းပညာရှင် တစ်ဦးက အကြံပြု ပြောပြသည်။ ''ဒီ ကျောက်ဆစ် လက်ရာတွေကို လေ့လာပြီး ပါရဂူ (ဒေါက်တာ)ဘွဲ့ ရယူသွားကြတဲ့ နိုင်ငံတကာ က ပညာရှင်တွေ များစွာ ရှိပါတယ်။ တန်ဖိုးသိသိ နဲ့ ထိန်းသိမ်း စောင့်ရှောက် ပေးကြဖို့ လိုအပ် နေပါတယ် .. '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

အဆိုပါ ကျောက်ဆစ်လက်ရာ များသည် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ယင်းမာပင် မြို့နယ် မောက်သရက် ကျေးရွာအနီး၊ မုံရွာ - ယင်းမာပင် အဝေးပြေး ကားလမ်းမကြီး ၏ လက်ယာဘက်တွင် တည်ရှိသည်။ သမိုင်းဝင် အင်ကြင်းတောင် သည် သာသနာ သက္ကရာဇ် ၁၁၈၄ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်တွင် ၄င်းတောင်တော် ပေါ်ရှိ သေလကျောက် လိုဏ်ဂူတွင် လောက မာရဇိန်မာရ်အောင် ဘုရားကို ရွှေတိုင်းရှင်မြို့ ၂ဝ တိုင် လူ ၁ဝဝ ကျော် ဆီမီးတိုင် စိုက်ထူပူဇော် ခဲ့ကြောင်းနှင့် သမိုင်းဝင် ကျောက်စာများ ကိုလည်း ၄င်း အင်ကြင်းတောင် တွင် လေ့လာ တွေ့ရှိ နိုင်ကြောင်း သိရသည်။

အဆိုပါတောင်သည် သဲကျောက်တောင် ဖြစ်ပြီး အချို့သော နေရာများတွင် သစ်ပင်ရုပ်ကြွင်း ကျောက်များကို တွေ့ရှိရသည်။ ၄င်းကျောက် များသည် အရည်အသွေး အလွန် ကောင်းမွန်ပြီး ခရစ္စတယ်များ ပါရှိကာ အဖိုးတန် ကျောက်မျက်များ ဖြစ်ကြောင်း နိုင်ငံတကာ ကျောက်အလှဆင် လုပ်ငန်း ပညာရှင်များက မှတ်ချက်ပြု ပြောပြသည်။

အဆိုပါ တောင်တွင် ရှေးဟောင်း သာသနိက ကျောက်လိုဏ်ဂူ ကြီးများအတွင်း သမိုင်းဝင် ကျောက်ဆစ် လက်ရာ ရုပ်ရှင်တော် မြတ်ကြီးများ သည် အလွန် ကြည်ညိုဖွယ်ရာ ကောင်းလှသည်။ ၄င်း ကျောက်ဆစ် လက်ရာများမှာ ရှေးအလွန် ကျပြီး လက်ရာ ပြောင်မြောက်မှု ကြောင့် နိုင်ငံတကာ ကျောက်ဆစ် ပညာရှင်များ ၏ စာတမ်းပြုစုရာ သမိုင်းဝင် နေရာတစ်ခု ဖြစ်ခဲ့သော်လည်း ထိန်းသိမ်း စောင့်ရှောက် ပေးမှု နည်းပါးခဲ့သည့် အတွက် ကျောက်ဆစ် လက်ရာအချို့ ပျက်စီးစပြု နေသည်မှာ အလွန် နှမြောဖွယ်ရာ ကောင်းကြောင်း မုံရွာမြို့ရှိ ဗိသုကာ ဆရာကြီး တစ်ဦးက ပြောပြသည်။

အဆိုပါ လိုဏ်ဂူများ အတွင်းရှိ ကျောက်နံရံ များတွင် သဘာဝ ကျောက်သား များကို ဗုဒ္ဓဝင်ပုံတော် များ ထွင်းထု ထားရာ နိုင်ငံတကာ သမိုင်း သုတေသီ များက စိတ်ဝင်စား လျက် ရှိကြောင်း သိရသည်။

''ဒီကျောက်ဆစ် လက်ရာတွေက အီဂျစ် ယဉ်ကျေးမှု လက်ရာတွေနဲ့ ခေတ်ပြိုင် လက်ရာတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေကို ထိန်းသိမ်း စောင့်ရှောက် ပေးခြင်းဟာ နိုင်ငံတကာ အမျိုးသား ယဉ်ကျေးမှု အမွေတွေ ကို ထိန်းသိမ်း စောင့်ရှောက် ပေးခြင်း နဲ့ အတူတူပါပဲ ... '' ဟု ပြင်သစ် သမိုင်းပညာရှင် တစ်ဦးက ပြောပြ၍ သိရသည်။ (၁၅၄)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...