Social Icons

Pages

Monday, October 20, 2014

ရှားပါးငှက်များ ကျက်စားရာ ပုပ္ပားတောင်ဒေသသို့ ငှက်ကြည့်ဝါသနာရှင် ၊ ပညာရှင်များ နှစ်စဉ်လာရောက် လေ့လာ


ပုပ္ပားတောင်

ပုပ္ပား ၊ ၂၀-၁၀-၂၀၁၄

မြန်မာနိုင်ငံ အတွင်း နေထိုင်ကြ သူများတွင် ငှက်ကြည့် ဝါသနာထုံ သူများ ပေါများလာခြင်း နှင့်အတူ ငှက်ကြည့် ကိရိယာများ၊ မှတ်တမ်းတင် ကင်မရာများ၊ အသုံးအဆောင် ပစ္စည်းများ ခေတ်မီလာခြင်း နှင့်အတူ ငှက်ကြည့် ဝါသနာပါ သူများ အသင်းဖွဲ့ ဆောင်ရွက်ကာ သင်တန်းများကို နိုင်ငံရပ်ခြားမှ အဆင့်မီ ပညာရှင်များ ဖိတ်ခေါ်၍ သင်ကြားပို့ချ ပေးခြင်းများ ရှိလာ သောကြောင့် ဝါသနာရှင်များ အတွက် အခွင့်အရေး ကောင်းများ ရရှိလာခြင်း နှင့်အတူ ရှားပါးငှက်များ ရှိရာ ဒေသများသို့ ရွေးချယ် သွားရောက် ကြည့်ရှု လေ့လာမှုများ ရှိလာနေပြီ ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ရှားပါးငှက်များ ကွန်းခိုရာ အဖြစ် တည်ရှိနေသော ဒေသများတွင် ပုပ္ပားဒေသလည်း ပါဝင်ရာ ပြည်တွင်း ငှက်ကြည့်သူများ၊ ပြည်ပမှ ပညာရှင်များ နှင့် ဝါသနာရှင်များ နှစ်စဉ် လာရောက် ကြည့်ရှု လေ့လာလျက် ရှိကြောင်း သိရသည်။

ပုပ္ပားဒေသ (ပုံ) တွင် ငှက်အမျိုးပေါင်း ၁၃ဝ ကျော်ကို တွေ့မြင် နိုင်သော်လည်း ငှက်များ အားလုံးမှာ မြန်မာငှက်မျိုးများ မဟုတ်ကြဘဲ အချို့ငှက် များမှာ ဆောင်းရာသီ တွင် ပုပ္ပားဒေသသို့ ဝင်ရောက် ခိုနားကာ သားပေါက်ကြခြင်း ဖြစ်ပြီး အချို့ငှက် များမှာ ပုပ္ပားဒေသမှ ဝေးရာသို့ ပြောင်းရွှေ့ ပျံသန်းနေထိုင် တတ်ကြကြောင်း သိရသည်။

''ပုပ္ပားတောင် တစ်ဝိုက်မှာ တွေ့ရတဲ့ ဒေသခံငှက် တွေကတော့ သစ်တောက်ငှက်၊ ကတ္တဝါ၊ ဇီးကွက်၊ ခို၊ ချိုးလည်ပြောက်၊ စွန်၊ သပိတ်လွယ်၊ သိမ်းငှက်၊ သာလိကာ၊ ဆက်ရက် စတဲ့ငှက် အမျိုးအစား ၇ဝ လောက်ရှိ ပါတယ်။အဲဒီလိုပဲ မြန်မာနိုင်ငံကို အလည် ရောက်လာတဲ့ ဆောင်းခိုငှက် အမျိုး ၃ဝ ကျော်လည်း ရှိပါသေးတယ်'' ဟု ပုပ္ပားဒေသခံ သဘာဝ ထိန်းသိမ်းရေး ပြုလုပ်နေသူ က ပြောပြသည်။

ငှက်သတ္တဝါ များနှင့် ပတ်သက်၍ ပညာရှင်တို့၏ သုတေသန ပြုချက်များ အရ ကမ္ဘာပေါ်တွင် ငှက်အမျိုးပေါင်း ၈၆ဝဝ ရှိရာ မြန်မာနိုင်ငံ တွင် အမျိုးအစား ၁၁ဝဝ ခန့် ရှိကြောင်း မှတ်သား ရမည်။ မလေးရှားနိုင်ငံ တွင် ၇၂၅ မျိုး၊ စင်ကာပူတွင် ၃၃၅ မျိုး၊ ထိုင်းနိုင်ငံတွင် ၉၁၅ မျိုးရှိရာ မြန်မာနိုင်ငံက ငှက်အမျိုးပေါင်း ပိုမိုရှိကြောင်း လေ့လာ သိရသည်။ ဥရောပတိုက် တွင် ငှက် အမျိုးအစား ၄ဝဝ မျှသာရှိပြီး မြောက် အမေရိကတိုက် တွင် ၆၄၅ မျိုးသာလျှင် ရှိသောကြောင့် ငှက်ကြည့် ပညာရှင်များ နှင့် ဝါသနာရှင် အများစုသည် မြန်မာနိုင်ငံသို့ ငှက်ကြည့် လာရောက်မှု ပိုမို များပြားကြောင်း သိရသည်။ (၃၃၄)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...