Social Icons

Pages

Monday, October 20, 2014

အမရပူရမြို့နယ် ရှိ ကမ္ဘာကျော် ဦးပိန်တံတား ၏ ယိုယွင်းနေသော အခန်းပေါင်း ၅၀ ကိုပြုပြင်မည်


ကမ္ဘာကျော် ဦးပိန်တံတား

အမရပူရ ၊ ၂၀-၁၀-၂၀၁၄

မန္တလေးမြို့တွင် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ လာရောက် လည်ပတ် လေ့လာစရာ နေရာများ အများအပြား ရှိရာ တောင်သမန်အင်း ရှိ ဦးပိန်တံတား သည်လည်း ပြည်တွင်းမှ လေ့လာသူများ၊ ကမ္ဘာလှည့် ခရီးသွားများ အများဆုံး လာရောက် လေ့လာသော နေရာတစ်ခု ဖြစ်သည်။ 

အဆိုပါ တံတားကို ၁၈၄၉ ခုနှစ် ပုဂံမင်း လက်ထက်တွင် မြို့စာရေး ဦးပိန်က အချိန်နှစ်နှစ် ခန့်ကြာအောင် တည်ဆောက် ခဲ့ရကြောင်း၊ တံတား အရှည်ပေ ၄ဝဝဝ ကျော်ရှိပြီး အခန်းပေါင်း ၄၄၇ ခန်းကို ကျွန်းတိုင်လုံး ပေါင်း ၁ဝဝဝ ကျော်ဖြင့် တည်ဆောက် ခဲ့ကြောင်း သိရသည်။

ကမ္ဘာလှည့် ခရီးသွားများ အဓိက လာရောက် ကြသည့် ဦးပိန်တံတား သည် သက်တမ်းနှစ် ၁၆ဝ ကျော်ရှိပြီး လေဒဏ် မိုးဒဏ် ခံနိုင်ရန် တံတားကို အဖြောင့် တည်ဆောက်ခြင်း မဟုတ်ဘဲ တောင်ဘက်သို့ ဦးမော့ ဝေ့ဝိုက်ကာ တည်ဆောက် ခဲ့ကြောင်း သိရသည်။

နှစ်ကာလ ကြာမြင့် လာသည်နှင့် အမျှ တံတားမှာ ဟောင်းနွမ်းလျက် ရှိသောကြောင့် စဉ်ဆက်မပြတ် ပြုပြင် ထိန်းသိမ်း ထားရှိပြီး ယခုလာမည့် နိုဝင်ဘာလ တွင် အခန်းပေါင်း ၅ဝ ကို ပြုပြင်မည် ဖြစ်ကြောင်း သိရသည်။ပြုပြင်ရာတွင် တံတားထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့နှင့် ရှေးဟောင်း သုတေသန တို့မှ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး အသေးစား ပြုပြင်မှုများ ဖြစ်သည့် ဆင့်တန်းများ လဲခြင်း၊ ထုပ်တန်းများ လဲခြင်း၊ ကြမ်းခင်းများ လဲခြင်းကို ငွေကျပ် သိန်း ၆ဝ အကုန်အကျ ခံကာ ပြုပြင် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါတံတား ပြုပြင်နိုင်ရန် အလှူရှင် တစ်ဦးမှ ငွေကျပ်သိန်း ၁ဝဝ လှူဒါန်း ထားကြောင်းနှင့် ပြီးခဲ့သည့် လကလည်း အခန်း ၁၈ ခန်းကို ပြုပြင် ခဲ့ကြောင်း သိရသည်။ (၁၄၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...