Social Icons

Pages

Friday, October 31, 2014

ကမ္ဘာပြုမှု ဖြစ်စဉ်နှင့် သက်ရောက်မှုများ


ကမ္ဘာပြုမှု ဖြစ်စဉ်နှင့် သက်ရောက်မှုများ

ကမ္ဘာ့ပေါင်းကူး ယှက်နွှယ် ဆက်စပ်မှု ဖြစ်စဉ် ( Globalization ) ကို တစ်နည်းအားဖြင့် ကမ္ဘာပြုမှု ဖြစ်စဉ် ဟု ခေါ်ကြသည်။ ကမ္ဘာပြုမှု ဖြစ်စဉ်သည် ၁၉၉ဝ ပြည့်နှစ် နောက်ပိုင်းတွင် ပိုမိုသိသာ လာခဲ့ပြီး နိုင်ငံ အချင်းချင်း အပြန်အလှန် အမှီသဟဲပြု နေကြသည့် ကမ္ဘာ့ အခြေအနေကို ဖန်တီးခဲ့သည်။ ကမ္ဘာပြုမှု ဖြစ်စဉ်အရ နိုင်ငံ အချင်းချင်း ဆက်သွယ် ဆောင်ရွက်ကြ ရာ၌ အရင်းအနှီးနှင့် ကုန်စည်များ၊ အတွေးအခေါ်များ၊ သတင်း အချက်အလက်များ ၊ လူ့စွမ်းအား အရင်းအမြစ်များ စသည်တို့ ဆက်နွှယ်လျက် ရှိကြသည်။

ကမ္ဘာပြုမှု ဖြစ်စဉ်ကို ပညာရှင် အသီးသီးက ရှုထောင့် အမျိုးမျိုးမှ အဓိပ္ပာယ် ဖွင့်ဆိုကြရာ၌ ဘောဂဗေဒ ပညာရှင်များက ထုတ်လုပ်မှု၊ ခွဲဝေဖြန့်ဖြူးမှု နှင့် စားသုံးမှု နယ်ပယ် များတွင် ကမ္ဘာ့နေရာ အနှံ့အပြားမှ စီးပွားရေး လုပ်ငန်းများ ပေါင်းဆုံ လာသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုကြ သည်။ နိုင်ငံရေး သိပ္ပံပညာရှင် များကမူ ကမ္ဘာပြုမှု ဖြစ်စဉ်မှာ ဘဏ္ဍာရေး၊ သတင်း အချက်အလက်၊ အရင်းအနှီးနှင့် အတွေးအခေါ် တို့သည် နိုင်ငံ နယ်နိမိတ် ကို ဖြတ်ကျော်ပြီး ကွန်ရက် တစ်ခုတည်းတွင် စုစည်းမိခြင်း ဖြစ်သည်ဟု အဓိပ္ပာယ် ဖွင့်ဆို ကြသည်။

ကမ္ဘာပြုမှု ဖြစ်စဉ်သည် နိုင်ငံ အချင်းချင်း စီးပွားရေး လုပ်ငန်းများ အပြန်အလှန် ဆက်နွှယ်ခြင်း၊ ယဉ်ကျေးမှု လွှမ်းမိုးမှု ပိုမိုများပြား လာခြင်း၊ သတင်းအချက် အလက်နှင့် နည်းပညာ ပြန့်ပွားမှု လျင်မြန်လာခြင်း၊ ပထဝီဝင် အနေအထား အရ နိုင်ငံရေး စနစ်များ ပြောင်းလဲမှု စသည့်ဖြစ်စဉ် များ တိုးပွားလာခဲ့ပြီး တစ်ကမ္ဘာ လုံးတွင် တူညီသော စနစ်ဖြစ် စေရန် ကမ္ဘာ့ ပြည်သူများ အပေါ် သက်ရောက် စေသည်။

အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) သည် ကမ္ဘာပြုမှု ဖြစ်စဉ်ကို စီးပွားရေးအရ လေ့လာရာ၌ ဈေးနှုန်းနှင့် ကုန်ပစ္စည်းများ၊ လုပ်ခများ၊ အတိုးနှုန်းများ၊ အမြတ်အစွန်း များကို ဖွံ့ဖြိုးပြီး နိုင်ငံများ၏ စံနှုန်း သတ်မှတ်ချက်များ အတိုင်း တစ်ချိန်ချိန်တွင် နိုင်ငံအားလုံး တစ်ပြေးညီ ဖြစ်ပေါ် လာမည်ဟု သုံးသပ် ထားသည်။

ကမ္ဘာပြုမှု ဖြစ်စဉ်သည် လူများ ရွှေ့ပြောင်း နေထိုင်ကြခြင်း၊ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်ရေး စနစ်များ၊ အရင်းအနှီး ဈေးကွက် ပြောင်းရွှေ့ခြင်း နှင့် ငွေကြေး ဈေးကွက်များ စုစည်းမှုတို့ အပေါ်တွင် မူတည်လျက် ရှိပြီး ကမ္ဘာ့နိုင်ငံ အချင်းချင်း အပြန်အလှန် မှီခို၍ စီးပွားရေး တိုးတက်လာ ခြင်းမှာ နယ်စပ်ဒေသ ကုန်သွယ်မှု ပမာဏ များပြားလာခြင်း၊ လွတ်လပ်သော ကုန်စည် စီးဆင်းမှုများ ပေါ်ပေါက် လာခြင်းနှင့် နည်းပညာ ပျံ့နှံ့လာခြင်း တို့ကြောင့် ကမ္ဘာပြုမှု ဖြစ်စဉ် ပေါ်ပေါက်လာ ရသည်ဟု ဖော်ပြ ထားသည်။

ကမ္ဘာပြုမှု ဖြစ်စဉ်အရ ကမ္ဘာ့နိုင်ငံ များသည် တစ်နိုင်ငံတည်း ရပ်တည် နေနိုင်သည့် အခြေအနေ မရှိနိုင် တော့ပေ။ ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသော ကမ္ဘာ့ စီးပွားရေး အခြေအနေ အရပ်ရပ်ကို မျက်ခြည် မပြတ် စောင့်ကြည့်၍ ကောင်းကျိုး ရရှိနိုင်မည့် အခွင့်အလမ်းများ နှင့် ဆိုးကျိုး အန္တရာယ်ရှိ နိုင်မည်တို့ကို လေ့လာ ဆန်းစစ်ကာ မိမိနိုင်ငံတော် နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား ကို ဖော်ဆောင်ကြ ရမည်သာ ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...