Social Icons

Pages

Saturday, September 20, 2014

ဗြဟ္မစိုရ်တရား ထွန်းကားသော လူသားကမ္ဘာ တည်ဆောက်ရေး ကမ္ဘာ့နိုင်ငံအားလုံး ပါဝင်


ဗြဟ္မစိုရ်တရား ထွန်းကားသော လူသားကမ္ဘာ တည်ဆောက်ရေး ကမ္ဘာ့နိုင်ငံအားလုံး ပါဝင်

ကမ္ဘာ့ကုလ သမဂ္ဂ အဖွဲ့ကြီး၏ (၆၉) ကြိမ်မြောက် အထွေထွေ ညီလာခံကို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ စက်တင်ဘာ ၁၆ ရက်မှ စတင် ကျင်းပခဲ့ရာ ၂ဝ၁၅ ခုနှစ် အလွန် ဖွံ့ဖြိုးရေး အစီအစဉ်များ အကောင် အထည်ဖော်ရေး အဓိက ဆွေးနွေးခဲ့ ကြသည်။

ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီး၏ (၆၈) ကြိမ်မြောက် အထွေထွေ ညီလာခံကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့စဉ်က ထုတ်ပြန် ကြေညာချက် ပေါင်း ၃ဝဝဝ ကျော်နှင့် ဆုံးဖြတ်ချက် ပေါင်း ၈ဝ ချမှတ်ခဲ့သည်။ ၄င်းတို့အနက် နျူကလီးယား လက်နက် ဖျက်သိမ်းရေး၊ နိုင်ငံတိုင်း ဒေသတိုင်းတွင် တရားဥပဒေ စိုးမိုးရေး၊ ဖွံ့ဖြိုးရေး ရန်ပုံငွေများ ထောက်ပံ့ ပေးရေး၊ အာကာသ နည်းပညာကို ငြိမ်းချမ်းသော နည်းဖြင့် အသုံးပြုရေး၊ လူ့ အခွင့်အရေး စံနှုန်းများ မြှင့်တင်ရေး၊ သတင်းသမားများ ဘေးကင်း လုံခြုံစွာ သတင်းရယူ နိုင်ရေးနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ အတွက် အသုံးစရိတ် ရရှိရေးတို့ ပါဝင်သည်။

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသည့်နောက် စစ်အေးကာလ အတွင်း ၁၉၄၉ ခုနှစ် သြဂုတ်လတွင် ယခင် ဆိုဗီယက် ယူနီယံသည် ပထမဆုံး အကြိမ် နျူကလီးယား လက်နက် စမ်းသပ်ခဲ့ပြီး နောက်ပိုင်း ဆယ်စုနှစ်များ အတွင်း (၄၅၅)ကြိမ် အထိ စမ်းသပ်ခဲ့သည်။ ၁၉၉၁ ခုနှစ် သြဂုတ် ၂၉ ရက်တွင် ကာဇက်စတန် ရှိ စီမီပလာ တင့်(ခ်) နျူကလီးယား စမ်းသပ်ရေး လုပ်ငန်းကို ပိတ်သိမ်း လိုက်ပြီ ဖြစ်သည်။ စစ်အေးကာလ အတွင်း အခြား နိုင်ငံများ ကလည်း နျူကလီးယား လက်နက် စမ်းသပ်မှု အကြိမ်ပေါင်း ရာနှင့်ချီ၍ စမ်းသပ် ခဲ့ကြရာမှ ကမ္ဘာကြီးတွင် နျူကလီးယား လက်နက် ပြိုင်ပွဲကြီး ကျင်းပနေသည့် အလား ဖြစ်ခဲ့ရသဖြင့် အပြန်အလှန် ယုံကြည်မှုဖြင့် လက်နက် ဖျက်သိမ်းရေး ( MAD = Mutually Assured Destruction )ကို ဖော်ဆောင်ရန် အယူအဆ ပေါ်ပေါက် ခဲ့သည်။

၂ဝ၁၄ ခုနှစ် သြဂုတ် ၂၉ ရက်တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာ နျူကလီးယား စမ်းသပ်မှု ဆန့်ကျင်ရေးနေ့ တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် က ပေးပို့သော သဝဏ်လွှာ၌ ဟီရိုရှီးမား၊ နာဂါစကီး နှင့် စီမီပလာတင့်(ခ်) ဒေသများရှိ နျူကလီးယား ဘေးဒဏ်မှ လွတ်မြောက် လာသူများ နှင့် မိမိတို့ တွေ့ဆုံ ဆွေးနွေးခွင့် ရရှိခဲ့စဉ် ၄င်းတို့ထံမှ ရရှိခဲ့သော အဖြေမှာ နျူကလီးယား လက်နက် ကင်းမဲ့သော ကမ္ဘာကြီး တည်ဆောက်ရေး လုပ်ငန်းစဉ်များ ဆက်လက် ဖော်ဆောင်ရေး ပင်ဖြစ်ပါသည်။ ၄င်းတို့ ကြုံတွေ့ ခဲ့ရသည့် ဘေးဒုက္ခကို ကျွန်ုပ်တို့ ကိုယ်တိုင် ခံစား ရဘိ သကဲ့သို့ ကိုယ်ချင်းစာ တရားထားကာ နျူကလီးယား ကင်းမဲ့သော ကမ္ဘာကြီး တည်ဆောက်ကြ ပါဦးစို့ဟု တိုက်တွန်း ထားသည်။

ကမ္ဘာ့ နိုင်ငံများမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ၊ အီဂျစ်၊ အိန္ဒိယ၊ အီရန်၊ အစ္စရေး၊ ပါကစ္စတန် နှင့် အမေရိကန် ပြည်ထောင်စု တို့သည် နျူကလီးယား လက်နက်ပိုင် နိုင်ငံများ ဖြစ်ပြီး ၄င်းတို့အနက် နျူကလီးယား လက်နက် စမ်းသပ်မှု ပိတ်ပင်ရေး စာချုပ် ( CTBT = Comprehensive Nuclear Test-Ban Treaty ) တွင် ပါဝင် လက်မှတ်ရေးထိုးရန် ကျန်ရှိ နေသေးသော နှစ်နိုင်ငံ အနေဖြင့် အမြန်ဆုံး ပါဝင် လက်မှတ်ရေးထိုး ကြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ဆော်သြ လိုက်သည်။

သို့ဖြစ်၍ ဗြဟ္မစိုရ်တရား ထွန်းကားသော လူသားကမ္ဘာ တည်ဆောက်မည့် လုပ်ငန်းစဉ်များ အောင်မြင်ရေး အတွက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး၏ ရည်မှန်းချက် များအား ကမ္ဘာ့နိုင်ငံ အားလုံး တစ်စိတ် တစ်ဝမ်းတည်း ဝိုင်းဝန်း ပါဝင်ကြပါရန် မြဝတီက ထပ်လောင်း၍ တိုက်တွန်း နှိုးဆော် လိုက်ရ ပါကြောင်း။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...