Social Icons

Pages

Monday, September 22, 2014

ဆီးချို သွေးချိုနှင့် ဓာတ်စာ


ဆီးချို သွေးချိုနှင့် ဓာတ်စာ

ဒေါက်တာလွင်သန့် (ဆေး-၂)

ယနေ့ ကမ္ဘာပေါ်တွင် ၂ဝ၁ဝ ပြည့်နှစ်ထိ ဆီးချို၊ သွေးချို ခံစားနေရသည့် လူနာပေါင်း ၂၈၅ သန်းရှိပြီး ၂ဝ၃ဝ ပြည့်နှစ်သို့ ရောက်သောအခါ နှစ်ဆ တိုးလာ နိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထား ကြသည်။ ဆီးချိုရောဂါ သည် တစ်ကမ္ဘာလုံး တွင် ကြောက်မက် ဖွယ်ရာ ကောင်းလောက် အောင်ပင် မြင့်တက် လျက်ရှိပြီး ယခင်က ဖွံ့ဖြိုးပြီး နိုင်ငံများ၌သာ မြင့်တက်လေ့ ရှိသော်လည်း ၂ဝ၃ဝ ပြည့်နှစ် တွင် အာရှ၊ အာဖရိက နိုင်ငံများ ၌ပါ မြင့်မားစွာ တိုးတက် လာနိုင်သည်ဟု ဆိုသည်။

ထိုသို့ ဖြစ်ပွား လာရခြင်းမှာ လူအများ နေထိုင် စားသောက်မှု ပုံစံနှင့်အတူ ပြောင်းလဲ ဖြစ်ပေါ် လာခြင်းကြောင့် ဖြစ်ပြီး အသင့် အမြန်စား အစားအစာများ အပေါ် မှီခိုလွန်းခြင်း၊ ပီဇာ၊ ဆင်းဒဝစ်နှင့် ဟမ်ဘာဂါ တို့ကိုစားသုံး ခြင်းဖြင့် ထိုမုန့်များ၌ ပါဝင်သော ပြည့်ဝဆီ၊ စားအုန်းဆီ၊ ဝက်ဆီ၊ ဆီခဲများ၊ နှစ်ပြန်ကြော်ဆီ များကြောင့် စားသုံးသူ တို့၌ အဆီအအိမ့် လွန်ကဲမှုများ ဖြစ်စေသည့် အပြင် ကိုလက်စထရော များလည်း လူ့ခန္ဓာကိုယ် ထဲတွင် ကိန်းအောင်း နိုင်သည်။

လူအများစုမှာ အထိုင်လွန်၊ အအိပ်လွန် ခြင်းကြောင့် လေးလံ ထုံထိုင်းခြင်း၊ အချို့မှာ စာဖတ်ခြင်း၊ ကွန်ပျူတာခုံ၌ ထိုင်ခြင်း စသည် တို့ကြောင့် ခန္ဓာကိုယ် လှုပ်ရှားမှု နည်းပါးတတ် ကြသည်။ ထို့ကြောင့် နေ့စဉ် နာရီဝက်ခန့်အပြေး လမ်းလျှောက်၊ စက်ဘီးစီး စသည့် ကိုယ်လက် လှုပ်ရှားမှု များကို လုပ်သင့်သည်။

ယနေ့ခေတ်တွင် လူငယ်များ သာမက လူလတ်ပိုင်း နှင့် လူကြီးများပါ ဗီဒီယို ကြည့်ခြင်း၊ ဂိမ်းနှိပ်ခြင်း အင်တာနက် အသုံးပြုခြင်း တို့ကို ပြုလုပ် ကြသည်။ ထို့ကြောင့် လှုပ်ရှားမှု နည်း၍ ခန္ဓာကိုယ် ထဲ၌ ပိုနေသော ကယ်လိုရီ များမှာ ခန္ဓာကိုယ် လှုပ်ရှားမှု ကြောင့် လောင်ကျွမ်း ရမည့်အစား မလောင်ကျွမ်း နိုင်တော့ဘဲ အသည်း အဆီဖုံးခြင်း၊ ကိုလက်စထရော အဖြစ် သွေးထဲသို့ ရောက်ရှိ သွားခြင်းများ ဖြစ်ပေါ်လာ သည်။

ဆီးချို၊ သွေးချို ဆိုသည်မှာ သွေးအတွင်း ၌ သကြားဓာတ် များသည့် ရောဂါဖြစ်ပြီး ယင်းသို့ ဖြစ်ရခြင်းမှာ အင်ဒိုကရိုင်း အဖွဲ့အစည်း တစ်ခုဖြစ်သည့် ပန်ကရိယမှ အင်ဆူလင် ခေါ်သည့် ဟော်မုန်းဓာတ် ထုတ်လုပ်မှု မရှိခြင်း၊ ထုတ်လုပ်မှု နည်းခြင်း သို့မဟုတ် အင်ဆူလင် အလုပ် မလုပ်ခြင်း တို့ကြောင့် ဖြစ်သည်။

ဆီးချို၊ သွေးချို ရှိ၊ မရှိနှင့် သွေးအတွင်း သကြားဓာတ် ပမာဏကို သိလိုပါက သွေးဖောက် စစ်ကြည့်မှသာ သိနိုင်သည်။ ဆီးအတွင်း ၌ သကြားဓာတ် ရှိ၊ မရှိ စမ်းသပ် ကြည့်ရုံမျှဖြင့် မသိနိုင်ပေ။ သွေးအတွင်း သကြား ပမာဏ တိုင်းပြီးမှ အစာစား ရမည်။ အစာမစားမီ ၁၂၆ မီလီဂရမ် ရာခိုင်နှုန်းနှင့် အထက်၊ ၂ဝဝ မီလီဂရမ် ရာခိုင်နှုန်းနှင့် အထက် တိုင်းတာ ရရှိလျှင် သွေးချိုရောဂါ ရှိသည်ဟု ဆိုနိုင်သည်။

ဟေမိုဂလိုဘင် အေဝမ်းစီ ပမာဏသည် အစာမစားမီ သွေးချို ပမာဏထက် နှလုံး သွေးကြောရောဂါ ဖြစ်နိုင်ခြေ နှင့် သေဆုံး နိုင်ခြေရှိ၊ မရှိခန့်မှန်း ရာတွင် ပို၍ အထောက် အကူပြု သည်။ ဆီးချို၊ သွေးချို ရှိသူများမှာ ဟေမိုဂလိုဘင် အေဝမ်းစီ ၅ ဒသမ ၇ ရာခိုင်နှုန်း အောက် အမြဲထား ရှိရမည်။ သွေးတွင်း အချိုဓာတ်ကို သွေးဖောက် စစ်ဆေးခြင်း သည် စစ်ဆေးသည့် အချိန်ကာလ ၌သာ သွေးတွင်း အချိုဓာတ် ပမာဏ ဖော်ပြနိုင်ပြီး ကျန်သည့် အချိုဓာတ် ပမာဏ များသည် ဖြစ်စေ၊ နည်းသည် ဖြစ်စေ မဖော်ပြ နိုင်ပါ။ ဟေမိုဂလိုဘင် အေဝမ်းစီ တိုင်းခြင်းဖြင့် သုံးလအတွင်း မိမိကိုယ်တွင်း ၌ သွေးတွင်း အချိုပမာဏ ကောင်းမွန်စွာ ထိန်းထားနိုင်ခြင်း ရှိ၊ မရှိ ဖော်ပြ နိုင်သည်။

ရုတ်တရက် ဖြစ်ပေါ် နိုင်သော နောက်ဆက်တွဲ ရောဂါများမှာ သွေးချို ရုတ်တရက် တက်ခြင်း၊ သတိလစ်ခြင်း၊ သွေးအတွင်း အချိုပမာဏ ကောင်းမွန်စွာ ထိန်းထား နိုင်ခြင်းရှိ၊ မရှိ ကို ဖော်ပြနိုင်သည်။ ယင်းအပြင် နာတာရှည် ရောဂါဖြစ်ခြင်း၊ မျက်စိသွေးကြော ထိခိုက်ခြင်း၊ မျက်စိကွယ်ခြင်း၊ နှလုံး သွေးကြောကျဉ်း ရောဂါ၊ နာတာရှည် ကျောက်ကပ် ရောဂါ၊ ဦးနှောက် သွေးကြောပိတ် ကာ လေဖြတ်ခြင်း၊ အာရုံကြောများ ပျက်စီးကာ ထုံကျဉ်ခြင်း၊ ခြေထောက် ပုပ်ခြင်း၊ ရောဂါပိုး ဝင်လွယ်ခြင်း တို့ ဖြစ်တတ်သည်။

သွေးအတွင်း အချိုဓာတ် ပုံမှန်ဖြစ်စေရန် အစား လျှော့စားရန် လိုသည်။ ထမင်း ဆယ့်နှစ်ဇွန်း၊ အသီးအရွက်ကြော်၊ အမျှင်ပါသည့် ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံ များကို မျှတစွာ စားရန်၊ ရေဆာလျှင် ရေကိုသာ သောက်ရန်၊ အချိုရည်၊ ဘီယာနှင့် အရက် မသောက်ရန်၊ အဝမလွန်အောင် လျှော့စားရန်၊ လှုပ်ရှားမှု များသည့် နေထိုင်မှုဘဝ ပုံစံဖြစ်အောင် နေရန်၊ ပုံမှန် လေ့ကျင့်ခန်း လုပ်ရန်နှင့် စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျော့အောင် လုပ်ရန် လိုအပ်သည်။

စားသုံးရန် မသင့်သော အစားအစာ များမှာ သကြား၊ နို့ဆီ၊ ကော်ဖီမစ်၊ တီးမစ်၊ အိုဗာ တင်း၊ မိုင်လို၊ ဟောလစ်၊ ရေခဲမုန့်၊ အချိုရည်များ၊ ထန်းလျက်၊ ကြံသကာ၊ မလိုင်ပါသော အစာများ၊ အဆီများ၊ ပြည့်ဝဆီ၊ စားအုန်းဆီ အမျိုးမျိုးတို့ ဖြစ်သည်။

စားသုံးသင့်သည့် အစာများမှာ ကစီဓာတ် ပါသော ဆန်ဖြင့် လုပ်သည့် အစားအစာ၊ ဂျုံဖြင့် ပြုလုပ်သည့် အစာ၊ အမျှင် ပါဝင်မှုများသည့် ဟင်းသီးဟင်းရွက်များ၊ အသားဓာတ် ပါသည့် ငါးအမျိုးမျိုး၊ အမဲသား၊ ဆိတ်သား၊ ဝက်သား (အဆီမပါ)၊ ဘဲသား၊ ကြက်သား (အရေခွံမပါ)၊ အဆီပါ အစာများတွင် ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ငါးမှရသည့် အဆီတို့ကို ဆရာဝန် ညွှန်ကြားချက် အတိုင်း စားရမည်။

ထိန်းထားသင့်သည့် သွေးအတွင်း အချိုဓာတ် များမှာ အစာမစားမီ သွေးတွင်း အချိုဓာတ် ၉ဝ မှ ၁၃ဝ မီလီဂရမ် ရာခိုင်နှုန်း၊ ကြုံကြိုက်သလို ဖောက်သော သွေးအတွင်း အချိုဓာတ် ၁၁ဝ မှ ၁၈ဝ မီလီဂရမ် ရာခိုင်နှုန်း၊ အစာစားပြီး ၂ နာရီအတွင်း သွေးအတွင်း အချိုဓာတ် ၁၈ဝ မီလီဂရမ် ရာခိုင်နှုန်း ထက် နည်းရမည်။ သွေးအတွင်း အချိုဓာတ်၊ အဆီဓာတ်၊ သွေးပေါင်ချိန် မျှော်မှန်းသည့် အတိုင်းထား နိုင်လျှင် ဆင့်ပွားဖြစ်သည့် နောက်ဆက်တွဲ ရောဂါ ဖြစ်ပွားမှု လျော့နည်းမည် ဖြစ်သည်။ ဆီးချို၊ သွေးချို ဝေဒနာရှင်များ အနေဖြင့် ဆရာဝန်နှင့် ပြသပြီး ညွှန်ကြားချက်များ အတိုင်း လိုက်နာ ဆောင်ရွက် သင့်ကြောင်း အကြံပြု ရေးသား လိုက်ရ ပါသည် ။ ။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...