Social Icons

Pages

Monday, September 1, 2014

စာဖတ်ခြင်းဖြင့် အသိဉာဏ် ရင့်သန်နိုင်


စာဖတ်ခြင်းဖြင့် အသိဉာဏ် ရင့်သန်နိုင်

" အလိမ္မာ စာမှာ ရှိသည် " ဆိုရိုးစကား အရ စာပေမှ တစ်ဆင့် မြားမြောင် လှစွာသော ဗဟုသုတ များရ၏။ အကြားအမြင် ဗဟုသုတ တိုးပွားခြင်း ကြောင့်လည်း အသိဉာဏ်များ တိုးပွား လာနိုင်၏။ အသိဉာဏ် ရင့်သန် ၊ ရှင်သန်ခြင်း ၏ အဓိက အကြောင်းရင်း ကိုရှာသော် စာပေသည် ပင်မ အရင်း အမြစ်ပင် ဖြစ်သည်။ အသိဉာဏ် တိုးပွားရင့်သန် လိုသူတိုင်း သည် စာဖတ်ခြင်းကို အလေးထား ကြသည်။

လူငယ် လူရွယတိုင်း အနေဖြင့် လိမ္မာရေးခြား ရှိရန်မှာ မိဘ ဆရာသမား များကို ဆိုဆုံးမှု ကြောင့် သော်လည်းကောင်း ၊ စာပေ ဗဟုသုတ များကြောင့် သော်လည်းကောင်း ၊ ကိုယ်တွေ့ ဗဟုသုတ များကြောင့် သော် လည်းကောင်း ရရှိနိုင်သည်။

သို့သော် မိဘ ဆရာသမား တို့၏ ဆိုဆုံးမမှု တို့ထက် စာပေမှ ရရှိလာသော ဗဟုသုတများ ကြောင့် ပို၍ လိမ္မာရေးခြား ရှိလာ နိုင်ပေသည်။ အကြောင်းမှာ မိဘ ဆရာသမား တိုင်းက အခါခပ်သိမ်း လူကောင်း လူတော် တစ်ယောက် ဖြစ်လာရန် အမြဲတစေ ဆုံးမမှု မပြုနိုင် ကြပေ။ ငယ်စဉ် ကလေး ဘ၀မှသာ ဆုံးမမှုကို ပေးနိုင် ကြသည်။ လူကောင်း လူတော်များ ဖြစ်လာစေရန် အစဉ်အမြဲ ဆုံးမနေမည့် သူမှာ စာပေများသာ ဖြစ်သည်။

စာပေ ဗဟုသုတကို များများ လေ့လာပေးလေ အသိဉာဏ် ပိုမို တိုးပွား လာလေ ဖြစ်သည်။ အသိဉာဏ် တိုးပွားလေ လိမ္မာရေးခြား ရှိလာလေ ဖြစ်သည်။ လူတို့၏ အသိဉာဏ် သည် မည်သည့် အရွယ်က စခဲ့ပါ သနည်းဟု ဆန်းစစ်သော် လူမှန်း သိတတ်စ အရွယ်က စတင် ခဲ့သည်ဟု ဆိုရပါမည်။

သို့သော် အချို့သော သူများမှာ အသက် အရွယ်သာ ကြီးလာပြီး အသိဉာဏ် မတိုးပွားသည့် သူများလည်း ရှိသည်။ အကြောင်းမှာ စာဖတ်ခြင်း အားနည်း၍ ဦးနှောက် အသိဉာဏ် ဖွံ့ဖြိုးမှု တိုးတက်ခြင်း မရှိ သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အသိဉာဏ် တိုးရန် စာများများ ဖတ်ရမည် ဖြစ်သည်။

အသိဉာဏ် တိုးပွား ခြင်းသည် ကြီးပွား တိုးတက်ခြင်း၏ အကြောင်း တစ်ပါးလည်း ဖြစ်သည်။ ကြီးပွား တိုးတက်သူ အများစုသည် အသိဉာဏ်ကို ကောင်းစွာ အသုံးချ တတ်သူများ ဖြစ်သည်။ ဉာဏ်ကို လွှာ၍ မှန်ကန်စွာ အသုံးချ တတ်လျှင် ကြီးပွား တိုးတက် နိုင်သည်။

သို့သော် အချို့သော သူများမှာ အသိဉာဏ်ကို ကောင်းစွာ မသုံးတတ် ကြ၍ ကြီးပွား တိုးတက်ရန် အဆိုထားဘိ ရရှိပြီးသော စည်းစိမ် ဥစ္စာများပင် လက်လွတ် ဆုံးရှုံး ကြရသည်။ ထို့ကြောင့် ရရှိပြီးသော စီးပွားဥစ္စာ များသည် အသိဉာဏ် ရှိစွာဖြင့် ထိန်းသိမ်း တတ်သူများ၏ လက်ထဲ တွင်သာ တည်မြဲ နိုင်သည်။

သို့ဖြစ်ရာ လူတိုင်း လူတိုင်း အနေဖြင့် ကြီးပွား တိုးတက် လိုကြလျှင် ဦးစွာ ပထမ အသိဉာဏ်ကို တိုးပွားအောင် လေ့ကျင့် ရမည်ဖြစ်ပြီး အသိဉာဏ် တိုးပွားစေရန် စာအုပ်၊ စာပေ များကို များများ လေ့လာ ဖတ်ရှုကြ ရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...