Social Icons

Pages

Thursday, July 24, 2014

ရွှေ့ပြောင်းလုပ်သား ဆောင်ရန်များ သိထားကြစေရာ


ရွှေ့ပြောင်းလုပ်သား ဆောင်ရန်များ သိထားကြစေရာ

လူဟူသမျှ မိမိဘဝ ရပ်တည်ရေး အတွက် အလုပ် တစ်ခုကို လုပ်ကိုင် စားသောက်ကြ ရာ၌ သမ္မာ အာဇီဝဖြင့် ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာသာ လုပ်ကိုင် စားသောက် လိုကြသည်။ ပင်ပန်း ဆင်းရဲသော အလုပ် ဖြစ်စေကာမူ မိမိဘဝ အတွက် သော်လည်းကောင်း၊ မိသားစုဘဝ အတွက် သော်လည်းကောင်း သည်းခံ စိတ်ရှည်စွာဖြင့် မညည်းမညူ လုပ်ကိုင် ကြရသည်သာ ဖြစ်သည်။

လူတို့ သဘာဝ လုပ်ခများများ ရသော အလုပ်ကို ပိုမိုနှစ်သက် တတ်ကြသည် ဖြစ်ရာ တစ်ဖက် နိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင် လိုသူများမှာ တရားမဝင် လမ်းကြောင်းမှ နည်းအမျိုးမျိုးဖြင့် သွားရောက် ကြခြင်း၊ ပွဲစားများ၏လိမ်လည်လှည့်ဖြားမှုဖြင့် အောက်လမ်းဟုခေါ်သည့်လမ်းကြောင်းများမှ သွားရောက် ကြခြင်းများ ရှိလာ ကြသည်။ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ် ကိုင်ရန် တာချီလိတ်သို့ ရောက်ရှိ လာကြသည့် အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး ငါးဦး စုစုပေါင်း ၁၂ ဦးတို့အား လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဇူလိုင် ၁၅ ရက်တွင် စစ်ဆေး တွေ့ရှိသဖြင့် အချိန်မီ တားဆီး နိုင်ခဲ့သည်။ ထို့အပြင် တစ်ဖက်နိုင်ငံ သို့ တရားမဝင် သွားရောက် ခြင်းသည် တစ်ဖက်နိုင်ငံ နှင့် မိမိနိုင်ငံတို့ က တားမြစ်ထားသော ဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း၊ တရားမဝင် သွားရောက်ရာမှ လူကုန်ကူးခံ ရပါက ရရှိနိုင်သည့် ဆိုးကျိုးများနှင့် လူကုန်ကူးမှု ဆိုင်ရာ ပြစ်မှုများကို အသိ ပညာပေး ဟောပြော၍ ၄င်းတို့ ၁၂ ဦး၏ နေရပ်သို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ နှင့် အဆင့်ဆင့်သော အဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့ များက လူကုန်ကူးမှု တိုက်ဖျက်ရေး ပညာပေး ဟောပြောပွဲများ နှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေ၍ ပညာပေးခြင်း၊ မီဒီယာများမှ တစ်ဆင့် ပညာပေးခြင်း များ ဆောင်ရွက် နေသည်များကို စဉ်ဆက်မပြတ် တွေ့မြင်နေ ရသကဲ့သို့ အိမ်နီးချင်း နိုင်ငံများသို့ တရားမဝင် သွားရောက် အလုပ်လုပ် ကိုင်ရန်ဟူသော အကြောင်း ပြချက်ဖြင့် ပွဲစားများ၏ လှည့်ဖြားမှုကို ယုံကြည် မိသူတို့ ဒုက္ခမျိုးစုံ ကြုံတွေ့ရသည့် သတင်းများလည်း မကြာခဏ တွေ့မြင်ကြားသိ နေရသည်။

ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန နှင့် ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန တို့ ညှိနှိုင်း၍ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ တရားဝင် လုပ်ကိုင် နိုင်ရေး လုပ်ငန်းစဉ် တစ်ခု ချမှတ်၍ ယခုနှစ် မတ်လတွင် စတင် အကောင် အထည်ဖော် ခဲ့သည်။ နှစ်နိုင်ငံ ဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်း သဘောတူညီ ချက်အရ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ဆောင်ရွက် ပေးလျက် ရှိသည်။ မြန်မာသံရုံးသို့ လာရောက် လျှောက်ထားသော မြန်မာ ရွှေ့ပြောင်း လုပ်သားများသည် ပြည်ပရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဖြည့်သွင်း ရမည့် ကိုယ်ရေး မှတ်တမ်း ထိန်းသိမ်းရန် ပုံစံ၊ မှတ်ပုံတင် မိတ္တူနှင့် သန်းခေါင် စာရင်းမိတ္တူ၊ အလုပ်သမား၏ ယာယီ နိုင်ငံကူး လက်မှတ် မိတ္တူ၊ အလုပ်သမား၏ အမည်ပါသော အလုပ်ခေါ်စာ၊ အလုပ်ရှင် နှင့် အလုပ်သမား သဘောတူ စာချုပ်၊ ကိုယ်စားလှယ် လွှဲစာ၊ နိုင်ငံခြားသား အလုပ်သမား လျှောက်လွှာပုံစံ၊ ထိုင်းနိုင်ငံမှ အလုပ်ရှင် အမည်ပါသော အလုပ်လုပ် ကိုင်ခွင့် လက်မှတ်မိတ္တူ၊ ရိုက်ကူးထားသော အလုပ်သမား၏ ဓာတ်ပုံတို့ ပါရှိရမည် ဖြစ်သည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင် နေကြသူများမှာ ဖော်ပြပါ သတ်မှတ်ချက် အထောက် အထားများ စုံလင်စွာ မရရှိနိုင် သဖြင့် အခက်အခဲ ဖြစ်ပေါ်လျက် ရှိကြောင်း ကြားသိ ရသည်ကို နမူနာယူ၍ တရားဝင် လမ်းကြောင်းမှ သွားရောက် အလုပ်လုပ် ကိုင်ခြင်းသည်သာ ကိုယ်စိတ်နှစ်ပါး ချမ်းသာမှု ကို ရရှိနိုင်မည် ဖြစ်ကြောင်း ထပ်လောင်း အသိပေး လိုက်ရပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...